Local News

ပို့ကုန်ဈေးကွက်ရရှိရေးဆိုင်ရာသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပခြင်း

Last Updated:

၂-၆-၂၀၂၅ ရက်နေ့ နံနက် ၀၉:၄၅ အချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ အစည်းအဝေးခန်းမတွင် ပို့ကုန်ဈေးကွက်ရရှိရေးဆိုင်ရာ သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ ဖွင့်ပွဲအခမ်း အနားတွင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ စီမံကိန်းနှင့်ငွေစာရင်းဌာနခွဲ ညွှန်ကြားရေးမှူး ဒေါ်ခင်မျိုးရီမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဖွင့်ပွဲအခမ်းအနားသို့ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ဌာနခွဲညွှန်ကြားရေးမှူးများ၊ သင်တန်းသူ၊ သင်တန်းသားများ စုစုပေါင်း ၅၅ ဦးခန့် တက်ရောက်ခဲ့ပါသည်။
ပို့ကုန်ဈေးကွက်ရရှိရေးဆိုင်ရာသင်တန်းကို ဇွန်လ ၂ ရက်နေ့မှ ၄ ရက်နေ့အထိ ၃ ရက်ကြာ ကျင်းပသွားမည်ဖြစ်ပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ ဌာနအသီးသီးမှ အရာထမ်း၊ အမှုထမ်း ၂၄ ဦး နှင့် စီးပွားရေးသံမှူးသင်တန်း တက်ရောက်နေသူ ၂၂ ဦး၊ စုစုပေါင်း ၄၆ ဦး တက်ရောက်မည် ဖြစ်ပါသည်။
သင်တန်းတွင် နိုင်ငံတကာကုန်သွယ်မှုဗဟိုဌာန၏ ITC Trade Map ၊ ကမ္ဘာ့ဘဏ် World Integrated Trade Solution (WITS) နှင့် အီးယူအဖွဲ့အစည်း၏ EU Market Access စသည့် ကုန်သွယ်မှုနှင့်ပို့ကုန်ဈေးကွက်ဆိုင်ရာ အွန်လိုင်းအချက် အလက်များကို အသုံးပြု၍ ကုန်သွယ်မှုဆိုင်ရာအချက်အလက်များနှင့် ပို့ကုန်ဈေးကွက်အလားအလာများ ရှာဖွေခြင်း၊ နိုင်ငံအလိုက် တင်ပို့နိုင်မည့် ပို့ကုန်အမယ်သစ်များ ရှာဖွေခြင်းတို့ကို အွန်လိုင်းစနစ်အသုံးပြု သင်ကြားပို့ချသွားမည် ဖြစ်ပါသည်။
သင်တန်းဖွင့်လှစ်ပို့ချခြင်းမှ ကုန်သွယ်မှုနှင့်ပို့ကုန်ဈေးကွက်ဆိုင်ရာ အချက်အလက်များကို ကျယ်ပြန့်စွာ ရှာဖွေလေ့လာနိုင်ပြီး  ဈေးကွက်သုတေသနပိုင်းကို တိုးတက်စေမည်ဖြစ်ပြီး ဝန်ကြီးဌာန၏ အဓိကဦးတည်ချက်တစ်ခုဖြစ်သော ပို့ကုန်မြှင့်တင်ရေးဆောင်ရွက်ရာတွင် အထောက်အကူပြုနိုင်မည် ဖြစ်ပါသည်။

 

Category: Local News